လိုချင်တာဒီမှာရေးရှာပါ

22 December 2016

Resistor


ဖုန်းအတွင်းတွင် အသုံးပြုထားသော အီလက်ထရောနစ် အခြေခံပစ္စည်း (basic electronic components)

လေးများအကြောင်းကို အကြမ်းဖျင်း လေ့လာကြည့်ရန်အတွက် တခုခြင်းစီအကြောင်းကို ပြောပြပေးပါမည်။
ဆရာ ကိုစိုးမြတ်သူ ရေးသားထားသော Post ဖြစ်ပါသည်။ ဆရာရေ ကျေးဇူးပါ ခင်ဗျား။

1. Resistor

ခုခံတားဆီးလျှော့ချပေးသည်။ တန်ဖိုးကို ခုခံတားဆီးဟန့်တားခြင်း (impedance) ဖြင့် ဖေါ်ပြသည်။
ဗို့အားပေးလမ်းကြောင်း (Power Supply)၊ အသံလမ်းကြောင်း (Audio)၊ အချက်ပြလမ်းကြောင်း (Signal)
ရေဒီယိုလွှင့်ဖမ်းလမ်းကြောင်း (Radio Transmit & Receive) များတွင် ထည့်သွင်းအသုံးပြုလေ့ရှိသည်။
၎င်း၏တန်ဖိုးကို ခုခံမှု အုမ်း (Ohm) ဖြင့် ဖေါ်ပြသည်။ ခုခံမှုနည်းလျှင် အုမ်းတန်ဖိုးနည်းပြီး ခုခံမှုများလျှင်
အုမ်းတန်ဖိုးများသည်။
0Ohm မှ စတင်ပြီး နမူနာအားဖြင့် 0.1 , 0.5 , 10 , 100 , 1000 , 10000 , 100000 စသည့် တန်ဖိုးအသီးသီး
ရှိကြသည်။
အုမ်းတန်ဖိုး 1000 Ohm ဆိုလျှင် 1K (Kilo Ohm) နှင့် 1000K ဆိုပါက 1M (1,000,000 Ohm) ဟု
သတ်မှတ်သည်။
ယခင်အီလက်ထရောနစ်ပစ္စည်းများတွင် အရွယ်အစားကြီးမားသော Resistor များကို အသုံးပြုကြပြီး
တန်ဖိုးကို ကိုယ်ထည်ပေါ်တွင် အရောင် (color code) ဖြင့် ဖေါ်ပြသည်။
ခေတ်ပေါ်အီလက်ထရောနစ်ပစ္စည်းများတွင် အသုံးပြုသော Resistor များမှာ အရွယ်အစားလွန်စွာသေးငယ်ပြီး
ဆားကစ်ပြားပေါ်တွင် တွဲကပ်တပ်ဆင်ထားသော SMD (Surface Mount Device) များဖြစ်သောကြောင့်
တန်ဖိုးရေးမထားတတ်ပါ။
အလုပ်လုပ်ပုံကို လေ့လာကြည့်ပါက Resistor တလုံးကို ရေတံခါးတခုလို မြင်ကြည့်လိုက်ပါ။
ရေပိုက်မှ စီးဆင်းလာသောရေကို လိုအပ်သလောက်သာ ရယူနိုင်ရန် ရေတံခါး တပ်ဆင်ထားသည်။
ရေ နည်းနည်းပဲကျစေလိုလျှင် ရေတံခါးကို နည်းနည်းပဲ ဖွင့်၊ များများကျစေလိုလျှင် များများဖွင့်ပေးရသည်။
Resistor များတွင်လဲ ထိုနည်းတူစွာဖြစ်သည်။
Resistor ကို ဖြတ်သန်းစီးဆင်းစေသော (အသံအချက်ပြဆိုပါစို့) အသံကို တဖက်တွင်
နည်းနည်းသာရောက်စေလိုပါက Resistor တွင် ခုခံမှုတန်ဖိုးအုမ်းများများ၊
များများရောက်စေလိုပါက ခုခံမှုအုမ်းတန်ဖိုး နည်းနည်းသာ ထည့်သွင်းအသုံးပြုသည်။
ပုံတွင် အဝါရောင်ဖြင့် ဝိုင်းပြထားသော အနက်ရောင် Resistor လေးများကို မြင်တွေ့နိုင်သည်။
ဆားကစ်ပတ်လမ်းပေါ်တွင် ခဲတွဲရန် Resistor များ၏ ထိပ်နှစ်စတွင် ခဲစလေးများရှိသည်။
အပေါင်းဘက် အနှုတ်ဘက် ခွဲခြားထားခြင်းမရှိသောကြောင့် ဖြုတ်တတ်လုပ်လျှင် ဘက်ရွေးရန်မလိုပါ။

ဖုန်းအတွင်းတွင် Resistor များကို အကြမ်းအားဖြင့် သုံးမျိုးသုံးလေ့ရှိသည်။

1. Fuse Resistor


အားသွင်းလမ်းကြောင်းတခု၏ပုံကို နမူနာ ပြထားသည်။ Schematic Diagram တွင် F901 ဖြင့် ပြထားသော
Fuse ပုံလေးမှာ Fuse Resistor ဖြစ်သည်။ Block Map တွင် ကော်ဖီရင့်ရောင် Fuse Resistor ကို
အဝါရောင်ဖြင့်ဝိုင်းပြထားသည်။ Fuse Resistor ၏ ကျောပေါ်တွင် အဖြူရောင်အစက်ဖြင့်
အမှတ်အသားပြုထားသည်။

ဗို့အားပေးလမ်းကြောင်းများတွင် ရှော့ဖြစ်ပါက ပတ်လမ်းနှင့် ဗို့အားပေးပိုင်း အဆက်အသွယ်
ပြတ်တောက်စေရန်
ဖြူးစ် (fuse) အဖြစ် ထည့်သွင်းအသုံးပြုသည်။ အားသွင်းလမ်းကြောင်းများတွင်လဲ သုံးသည်။
တန်ဖိုးအလွန်နည်းပါးသော အုမ်းတန်ဖိုး (0Ohm to 10Ohm) အတွင်း သုံးလေ့ရှိသည်။
၎င်းတို့ တပ်ဆင်ထည့်သွင်းထားသော ဗို့အားပေးလမ်းကြောင်းတွင်ရှိသော
IC , Condenser နှင့် အခြား Components များ ရှော့ဖြစ်ပါက Fuse Resistor ကို ပြတ်တောက်စေသည်။
ရှော့ကုန်အောင် ရှင်းထုတ်ပြီးမှ Fuse Resistor ပြန်တတ်ပေးရမည်။ ရှော့ကျန်နေလျှင် Fuse Resistor
ပြန်ပြတ်တတ်သည်။

2. Voltage & Signal Dropper Resistor

 

မူရင်းပေးသွင်းထားသော ဗို့အားပေးလမ်းကြောင်း အချက်ပြလှိုင်းလမ်းကြောင်းတို့မှ
တနေရာတွင် လျော့နည်းရောက်ရှိစေလိုပါက ကြားတွင် ဗို့အား၊ အချက်ပြလျှော့ချပေးရန်
Dropper Resistor များကို တပ်ဆင်အသုံးပြုသည်။
ဥပမာအားဖြင့် ဖုန်း၏ Home key , Back key & Menu key များကို မြင်သာစေရန်
Touch screen ၏ အောက်ခြေတွင် LED မီးသီးလေးများကို ထည့်သွင်းအသုံးပြုထားသည်။
၎င်းမီးသီးလေးများတွင် ပေးသွင်းဗို့များလွန်းလျှင် စူးရှသောအလင်းရောင် ထုတ်လွှတ်ပေးမည်။
Key များမြင်သာရုံ အသင့်အတင့်အလင်းရောင်သာ ထုတ်လွှတ်စေလိုသောကြောင့် LED များ၏
ဗို့ပေးလမ်းကြောင်းတွင် Resistor ကို voltage dropper Resistor အဖြစ် ထည့်သွင်းထားသည်။
ထို Resistor ခုခံမှုတန်ဖိုးနည်းလျှင် ဗို့အားအရောက်များသောကြောင့် LED များ ပိုလင်းမည်။
ခုခံမှုတန်ဖိုးများလျှင် ဗို့အားအရောက်နည်းပြီး အလင်းရောင် မှိန်မည်။
ထိုနည်းတူစွာ အသံလှိုင်း ရေဒီယိုလှိုင်း အချက်ပြလှိုင်းတို့တွင်လဲ အသုံးပြုသည်။
ပုံတွင် အဝါရောင်ဖြင့် ဝိုင်းပြထားသော Resistor လေးမှာ ဘေးတွင်ရှိသော LED (အဝါရောင်) မီးသီးလေး၏
အလင်းရောင်ကို လိုအပ်သလို လျှော့ချရန်အတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

3. Voltage Divider Resistor

ဗို့အားတခုကို တည်ငြိမ်စေရန်အတွက် အပေါင်းဘက်နှင့် အနုတ်ဘက် နှစ်ဘက်မျှတပ်ဆင်ထားသည်။
ဥပမာအားဖြင့် အပေါင်းဗို့ကို Resistor ဖြင့် လျှော့ချပေးထားသည်။ လျှော့ချထားသော ဗို့အားမှာ ဝန် (load)
မရှိပါက
မူရင်းဗို့အားအတိုင်းသာ ရှိနေမည်။ ဝန်တခုခုအသုံးပြုမှသာ လျော့သွားမည်။ ဝန် သုံးသည်ဖြစ်စေ
မသုံးသည်ဖြစ်စေ
ဗို့အားတခုကို တသမတ်ထဲ ပုံမှန်အတိုင်းသာရှိစေလိုပါက အပေါင်းဘက် အနုတ်ဘက်တွက် Resistor
တလုံးစီဖြင့် ဗို့အားကို တည်ငြိမ်စေရန် အသုံးပြုသည်။
အသုံးပြုထားသော Resistor တန်ဖိုးအပေါ်မူတည်ပြီး သက်ရောက်ဗို့ ပြောင်းလဲသည်။
လျှပ်စီးကြောင်း (current) တည်ငြိမ်စေလိုပါက load resistor အဖြစ်လည်း အနုတ်လိုင်းတွင်
ခွဆက်သုံးထားတတ်သည်။
ပုံတွင် R906 (330K) သည် အပေါင်းဘက်မှ ဗို့လျော့ Resistor ဖြစ်ပြီး R907 (39.2K) သည် အနုတ်ဘက်မှ
ဗို့လျော့ Resistor ဖြစ်သည်။


Resistor များသည် အလွန်သေးငယ်သဖြင့် တခါတရံတွင် တခြားပစ္စည်းများ ဖြုတ်တတ်လုပ်ရင်း
ပြုတ်ပါသွားတတ်သဖြင့် ဂရုပြုရန်လိုသည်။ အရေးကြီးသောအပိုင်းမှ Resistor တလုံး ပြုတ်ထွက်လျှင်
ဖုန်းပါဝါမနိုးနိုင်တော့သော ပြစ်ချက်မျိုးပင် ကြုံတွေ့တတ်သည်။

Resistor များတွင် အကြမ်းအားဖြင့် နှစ်မျိုးပျက်တတ်သည်။
မူရင်းတန်ဖိုးထက် ပိုများသွားခြင်း (high ohm) နှင့် ပွင့်ပြတ်သွားခြင်း (open) တို့ဖြစ်သည်။
အပူကြောင့် တန်ဖိုးပိုများသွားတတ်ပြီး ရှော့ဖြစ်သောကြောင့် ပွင့်ပြတ်တတ်သည်။
High Ohm ဖြစ်လျှင် ရေပိုက်တွင် အမှိုက်ဆို့သလိုဖြစ်သောကြောင့် ရေအပြည့်မစီးနိုင်သလို
ဗို့အား အချက်ပြလှိုင်းတို့လဲ အပြည့်အဝမရောက်နိုင်။ ဆားကစ်ပတ်လမ်း ပုံမှန်အလုပ်လုပ်နိုင်ခြင်း
အသံတိုးခြင်း လိုင်းကောင်းစွာမမိခြင်း စသည်တို့ ဖြစ်တတ်သည်။
Open ဖြစ်လျှင် ဗို့လုံးဝမရောက်သောကြောင့် အားမဝင်ခြင်း အရုပ်မပေါ်ခြင်း အသံမလာခြင်း လိုင်းမမိခြင်းတို့ဖြစ်တတ်သည်။


ပုံမှန်အားဖြင့် ဖုန်းအတွင်းမှာသုံးသော Resistor များမှာ မူရင်းတန်ဖိုးထက် လျော့နည်းသွားခြင်း (low ohm)
နှင့် ရှော့ (short) ဖြစ်လေ့မရှိပါ။
Resistor များကို ကောင်းမကောင်း တိုင်းတာစစ်ဆေးလိုပါက
Digital Multimeter နှင့် Analog Multimeter (Multi Tester) နှစ်မျိုးစလုံးကို အသုံးပြုနိုင်သည်။
Digital Meter (ဂဏန်းပြမီတာ) တွင် အိုမီဂါသင်္ကေတဖြင့် ပြထားသော အုမ်း (Ohm) စကေးတွင် ထားပါ။

Auto Scale (အုမ်းစကေးတွင် တန်ဖိုးတခုထဲသာ) အသုံးပြုသော မီတာဖြစ်ပါက စကေးကို တနေရာထဲတွင်
ထားတိုင်းပါက တန်ဖိုးကို အလိုအလျောက် ပြောင်းလဲ ပြပေးနိုင်သည်။
အုမ်းစကေးကို (200 , 2000 , 20000 , 200000 ) စသည်ဖြင့် ဖေါ်ပြသောမီတာဖြစ်ပါက မီတာစကေးကို
လိုအပ်သလိုထားပြီး သုံးရမည်။

Analog Meter (မျှားတံအသုံးပြုမီတာ) တွင် ×1 , ×10 , ×100 , ×1000 စသည်တို့တွင် ထားတိုင်းရသည်။

တန်ဖိုးနည်းအုမ်းများကို ×1 ၊ တန်ဖိုးအတန်အသင့်များပါက ×10 စသည်ဖြင့် လိုအပ်သလို
ရွှေ့တိုင်းပေးရသည်။
×1 ကို အသုံးပြုပါက ရလာသောတန်ဖိုးကို မူရင်းအတိုင်းဖတ်ရပြီး ×10 တွင်ထားပါက တန်ဖိုးကို 10 ဖြင့်
မြှောက်ပြီးမှ တန်ဖိုးဖတ်ယူရသည်။
ဖုန်းအတွင်းတွင် အသုံးပြုထားသော Resistor များမှာ အရွယ်အစားသေးငယ်လွန်းသောကြောင့်
တန်ဖိုးရေးမထားပါ။
တန်ဖိုးအတိအကျကို မူရင်းဆားကစ်ဒိုင်ယာဂရမ်များတွင်သာ ရှာဖွေဖတ်ရှုနိုင်သည်။
အကြမ်းအားဖြင့် အသုံးပြုထားသောနေရာကိုကြည့်ပြီး တန်ဖိုးမှန်းဆနိုင်သည်။
ဥပမာ ဗို့အားပေးလမ်းကြောင်းတွင် အသုံးပြုထားပါက တန်ဖိုးနည်းအုမ်း ဖြစ်တတ်သည်။
Fuse Resistor ကဲ့သို့ တန်ဖိုးနည်းအုမ်းများ ပြတ်တောက်ပျက်စီးပါက ကြိုးမျှင်လေးဖြင့် ဆက်သုံးနိုင်သည်။

အဆင်ပြေကြပါစေ
မိုဘိုင်း ဆားဗစ် သရဲ

No comments:

Post a Comment